Movie plot

Jeni, Juno: ဂျယ်နီဂျူနိုဟာ ၁၅နှစ်ကလေးတွေရဲ့ အချစ်ဇာတ်လမ်းလို့ပြောရမလား။
ဒါမှမဟုတ် ၁၅နှစ်ကလေးတွေရဲ့ အမှားတွေအကြောင်းလို့ပြောရမလား။
ကလေးတွေရဲ့အသိစိတ်နဲ့ လူကြီးတွေရဲ့အသိစိတ်ကြားက သဘောထားကွဲလွဲမှုဇာတ်လမ်းလို့ပြောရမလား ခေါင်းစဉ်တပ်ရတော့ခက်တယ်။
ဂျယ်နီဂျူနိကို ရိုက်တဲ့ဒါရိုက်တာက ကင်ဟိုဂျွန်း။
လက်ရှိ အသက်အစိတ် ၃၀နားကပ်နေတဲ့လူတွေတော့ သူ့ကို မသိတောင် သူ့ကားတွေကို ရင်းနှီးကြမှာပဲ။
ကင်ရေဝန်း မွန်ဂန်ယောင်းနဲ့ ရှင်းဆယ်ဂယောင်းတို့ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ My Little Bride ( 2004 )လိုကားမျိုးတွေ ,
Love Match (2014)တို့ , Touch By Touch (2015)တို့လို ၁၈ပလပ်ဆန်ဆန်ကိုရီးယားတွေ ရိုက်ခဲ့ဖူးတဲ့လူပါပဲ။
Love Match (2014)ကိုတော့ ကြည့်ဖူးတဲ့လူတွေ ငြိခဲ့ဖူးကြမှာပါ။
ဘာလို့လဲမသိ ဒီကားတွေမှာ တူညီတဲ့အချက်က မိန်းကလေးငယ်ငယ်လေးတွေနဲ့ လိင်မှုကိစ္စခန်းတွေပါနေတာပါပဲ။
My Little Bride ( 2004 ) နဲ့ အခုရုပ်ရှင် Jenny, Juno ( 2005 )ကတော့
အထက်တန်းကျောင်းသူ ကလေးမလေးတွေနဲ့ ဇာတ်လမ်းဖြစ်ကြတာကို ဇာတ်အိမ်တည်ထားပေမဲ့
အနုပညာအရတော့ အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်ခဲ့တယ်။ ဇာတ်တွေလည်း ကောင်းခဲ့တယ်။
My Little Bride ( 2004 )ကတော့ သူ့ကားထဲ နာမည်အကြီးဆုံးလို့ပြောရမှာပေမဲ့
ဂျယ်နီဂျူနိုရဲ့ တမူထူးပြီး ရဲတင်းတဲ့ဇာတ်လမ်းကိုလည်း ပစ်ထားလို့မရပြန်ပါဘူး။
ဂျယ်နီဂျူနိုကတော့ သူ့နာမည်အတိုင်း ဂျယ်နီဆိုတဲ့ ကောင်မလေးနဲ့ ဂျူနိဆိုတဲ့ ၁၅နှစ်အရွယ်ကလေးတွေရဲ့ ဇာတ်လမ်းပါပဲ။
ဂျယ်နီဆိုတဲ့ တော်လည်းတော် လှလည်းလှတဲ့ ကောင်မလေးနဲ့ ဂျူနိုဆိုတဲ့ တော်လည်းတော်
ချစ်ဖို့လည်းကောင်းတဲ့ ကောင်လေးဟာ ချစ်ကြိုးသွယ်မိရာက အဆင့်တက်ပြီး ချစ်ကြိုးတွေပါနွယ်မိကြတယ်။
သူတို့ထပ်ဆင့်နွယ်မိတဲ့ ချစ်ကြိုးလေးက ဂျယ်နီ့ဗိုက်ထဲက ကလေးလေးပေါ့။
ဒီကလေးလေးဖြစ်တည်စမှာ ဂျယ်နီကတော့ ဘာပဲဖြစ်ဖြစ် သူ့ကလေးကို သူမွေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ဂျယ်နီကတော့ ကလေးကို မွေးချင်ပေမဲ့ ဂျူနိုကတော့ နည်းနည်းအင်တင်တင်ဖြစ်နေခဲ့တယ်။
သူတို့ကလည်း အထက်တန်းကျောင်းသားလေးတွေပဲရှိကြသေးသကိုး။
ဒါပေမဲ့လည်း ဂျူနိုဟာ ဂျယ်နီ့သူ့ကလေးကို ချစ်သလောက်ကို ချစ်ခဲ့ပါတယ်။
ဂျယ်နီ ချဉ်ခြင်းတပ်တဲ့ စားစရာတွေဝယ်ကျွေးနိုင်ဖို့ သတင်းစာပို့တဲ့အလုပ်ကိုပါ လုပ်ခဲ့တဲ့အထိ ဂျူနိုဟာ သူ့မိန်းမကိုရော သူ့ကလေးကိုပါချစ်ခဲ့တယ်။
သူတို့ဟာ ကလေးအတွက် သူတို့နှစ်ယောက်တတ်နိုင်သလောက် လုပ်နေရင်းမှာပဲ သူတို့မိသားစုတွေကို ကာလတစ်ခုအထိဖုံးထားဖို့ပါ ကြိုးစားခဲ့ကြတယ်။
အစောကြီးသိသွားရင် ဖျက်ရလွယ်တော့ သူတို့ကလေးကို သူတို့မိဘတွေက ဖျက်ချခိုင်းမှာ စိုးခဲ့ကြလို့ပါပဲ။
ဒီရုပ်ရှင်ရဲ့ ၃ပုံ၂ပုံလောက်ဟာ သူတို့မိသားစုတွေ မသိအောင် သူတို့ဖုံးဖို့ ကြိုးစားရင်း သူတို့ဘာသာ ရုန်းကန်ရပုံတွေနဲ့ အသက်သွင်းထားတယ်။
နောက်တစ်ပုံမှာတော့ သူတို့မိဘတွေသိသွားရာကနေ လူကြီးတွေရဲ့အမြင်နဲ့ ကလေးတွေရဲ့ ဆုံးဖြတ်ချက်ကြား
သဘောထားကွဲလွဲကြမှုကနေ ပြဿနာတွေတက်လာတော့ ဒီပြဿနာတွေကို ကျော်ဖြတ်နိုင်ပါ့မလား
သူတို့ကလေးကိုရော မွေးခွင့်ရပါ့မလားကြည့်ရမယ့်ဇာတ်ပေါ့။
ဇာတ်ကတော့ တော်တော်မထော်မနန်းလို့ ပြောရမှာပေမဲ့
ကလေးတွေ သူတို့ကလေးကိုချစ်လို့ လုပ်ကြတာတွေကတော့ ကြည့်ရတာ ချစ်ဖို့တော့ကောင်းနေတယ်။သရုပ်ဆောင်တွေကတော့ High Kick ( 2006 )နဲ့ Potato Star 2013QR3 တို့နဲ့ လူသိများတဲ့ Kim Hye-seongရယ်
Time to Huntတို့ A Man and a Woman တို့လို အနုပညာအရအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေထဲ သရုပ်ဆောင်ဖူးတဲ့ Park Min-jiတို့တွေပါပဲ။
ဇာတ်ရံတွေကလည်း လက်ရှိကေဒရာမာတွေမှာ မြင်နေကျလူတွေပဲဆိုတော့ ကြည့်ရတာတော့ အစိမ်းသက်သက်တော့ ဖြစ်မနေဘူး။ဝေဖန်ရေးသမားတွေကတော့ ဂျယ်နီဂျူနိုရဲ့ ကလေးတွေကြားက ကိုယ်ဝန်ပြဿနာကို တင်ပြပုံဟာ တော်တော်လေးလက်တွေ့မကျတာမို့
ကလေးတွေကို အတုယူမှားစေနိုင်တယ်လို့ အပြစ်တင်ခဲ့ကြပေမဲ့ ဒါရိုက်တာကတော့ ဒီရုပ်ရှင်မှာ အပြစ်တင်ရမှာက အသက်မပြည့်ခင်အမှားလုပ်မိကြတဲ့ ဂျယ်နီဂျူနိတို့မဟုတ်ဘဲ
သူတို့ဟာ သူတို့နည်းသူတို့ဟန်နဲ့ သူတို့အချစ်ကိုပြနေခဲ့တာဖြစ်ပြီး ဒီအချစ်ကို ငြင်းပယ်ခဲ့တဲ့ လူကြီးတွေကိုပဲ အပြစ်တင်ရမှာလို့ ဆိုခဲ့ပါတယ်။
ဒီရုပ်ရှင်ဟာ တာဝန်ယူမှုတာဝန်ခံမှုအကြောင်းလို့လည်း ဆိုခဲ့တယ်။
သူပြောတာလည်း သူ့နည်းသူ့ဟန်နဲ့တော့ ဟုတ်ပေမဲ့ ဝေဖန်ရေးသမားတွေပြောတာလည်း မမှားဘူး။
ဒါပေမဲ့ ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ ကြည့်ကြရင်တော့ ဒီရုပ်ရှင်ဟာ အတိုင်းအတာတစ်ခုအထိတော့ ချစ်ဖို့ကောင်းတဲ့ ရုပ်ရှင်ပါပဲ။
ဆန်းကြယ်တာကတော့ ၂၀၀၇မှာ ကျွန်တော်တို့ချစ်ခဲ့ဖူးတဲ့ Elliot Pageလေးသရုပ်ဆောင်ထားတဲ့ အမေရိကန်ရုပ်ရှင် ဂျူနိုထွက်ခဲ့ပါတယ်။
သူလည်း ကိုယ်ဝန်ရသွားတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအကြောင်းပါပဲ။
ဒါပေမဲ့ ဇာတ်ညွှန်းဆရာကတော့ သူ့အနေနဲ့ ဂျယ်နီဂျူနိုကို မကြည့်ဖူးတာတော့ အမှန်ပါပဲလို့ပြောခဲ့ပါတယ်။
ဒီလိုအမေးခံရတာကြောင့်ပဲ စိတ်ဝင်စားပြီး ကြည့်ဖြစ်သွားခဲ့ပါတယ်။
ဒါပေမဲ့လည်း ဖန်တီးမှုတွေနဲ့ပတ်သက်ရင် ဒီလိုတိုက်ဆိုင်မှုမျိုးတွေက မြင်ရနေကျလိုလိုပါပဲ။
ဒီက သူစိမ်းအိမ်နဲ့ သူ့နောက်မှထွက်တဲ့ Ready Or Not ဇာတ်အခြေခံက တော်တော်လေးတူနေလို့
ဇစ်မြစ်တစ်ခုခုများရှိနေလို့ ရှာကြည့်ခ့ဖူးပေမဲ့ ဘာမှတော့မတွေ့ခဲ့ပါဘူး။
ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ပဲပြောရမှာပါပဲ။
ဂျူနိုနဲ့ ဂျန်နီဂျူနိုကြားလည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။

Show more...