A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

I Wish: ဂျပန်တွေက သူတို့ယဉ်ကျေးမှုနဲ့ အနုပညာက သဘာဝကပဲလာတယ်လို့ပြောကြတယ်။
ဂျပန်ရုပ်ရှင်ကောင်းတွေကလည်း သဘာဝကပဲလာတယ်ပြောရမှာပဲ။
သူတို့ယဉ်ကျေးမှု သူတို့လူနေမှုစတဲ့ သူတို့ရဲ့ လူ့သဘာဝကနေပဲလာတာများတယ်။
မျက်မှောက်ခေတ် ဂျပန်ဒါရိုက်တာတွေထဲ ဒီလူ့အသိုင်းအဝိုင်းက လူတွေရဲ့အချင်းအရာတွေ သက်သက်ကို
သူ့သဘာဝအတိုင်း လှလှပပ အရိုက်ပြနိုင်ဆုံးကတော့ Hirokazu Koreedaပဲ ဖြစ်ပါလိမ့်မယ်။
အကုန်လုံး တော့ မဟုတ်ပေမဲ့ Koreedaရုပ်ရှင်တွေရဲ့ ၉၀ရာခိုင်နှုန်းလောက်က ဒီလိုရုပ်ရှင်တွေချည်းပါပဲ။
ဒီလိုဟန်တွေချည်း ရိုက်ပြခဲ့တာက သူ့ရှေ့မှာ အိုဇုရှိခဲ့သလို Korredaကိုယ်တိုင်လည်း တင်ဆက်ပုံဟန်မှာ
အိုဇုအငွေ့အသက်မကင်းတာတွေ တွေ့ရတော့ သူ့ကို အိုဇုနဲ့ တော်တော်နှိုင်းကြတယ်။
တစ်ချို့ကလည်း အိုဇုနဲ့ Koreedaက မိသားစုဒရာမာတွေရိုက်ပြတာချင်းတူပေမဲ့ ဟန်ချင်းမတူဘူးဆိုကြတယ်။
ဒါပေမဲ့ Still Walkingမှာတော့ Koreedaဟာ တင်ဆက်ပုံဟန်မှာပါ အိုဇုနဲ့ တော်တော်လေးတူခဲ့တော့ နှိုင်းသင့်တယ်လို့လည်း ထင်ရတာပါပဲ။
သေချာတာတော့ သူတို့ ၂ယောက်စလုံးဟာ သူတို့ရုပ်ရှင်တွေမှာ ဂျပန်လူ့အသိုင်းအဝိုင်းနဲ့ ဂျပန်ယဉ်ကျေးမှုကို ဖော်ပြနိုင်ခဲ့တယ်။
ဒါလည်းအရေးပါပါတယ်။ ကြည့်တဲ့လူကို သူတို့ယဉ်ကျေးမှုကို နားလည်စေသလို သူတို့ရုပ်ရှင်တွေကိုလည်း ပိုစီးဝင်စေတယ်။
ပိုအရေးပါတယ်ထင်ရတာကတော့ ရုပ်ရှင်တွေဟာ ယဉ်ကျေးမှုကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းပေးနေတဲ့အရာတွေအဖြစ် ကူးပြောင်းသွားခြင်းပါပဲ။
မထင်မှတ်ဘဲ ရုပ်ရှင်တွေက ရုပ်ရှင်ထက်ပိုသွားခြင်းတွေပေါ့။
I Wishကို အခြေတည်ထားတာက မီးတောင်ရှင်ရှိနေတဲ့ မြို့လေးတစ်မြို့မှာပေါ့။
အဲဒီမြို့ကလေးအိမ်တွေကို မီးတောင်ပြာတွေက အမြဲကျတတ်တယ်။
အိမ်တွေလည်း ပြာမှုန်တွေ ထူလို့ပေါ့။
အဲဒီမြို့လေးက အိမ်လေးတစ်အိမ်မှာ အိမ်ထောင်ကွဲပြီး မိဘအိမ်ကို ပြန်ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူ့သားလေးရှိတယ်။
သူ့အဘိုးအဘွားတွေလည်း ရှိတယ်။
သူ့အဘိုးအဘွားတွေကတော့ ကျည်ဆန်ရထားတွေနဲ့ အပြေးမြန်တဲ့ ခေတ်ကို ဝင်ဆံ့မီအောင် ကြိုးစားနေရသလို
သူတို့သမီးကလည်း အလျဉ်မီဖို့ခက်တဲ့ခေတ်တစ်ခေတ်ကို အလျဉ်မီအောင် ကြိုးစားနေရတယ်။
သူ့သားလေးကတော့ ဒီမီးတောင်ကြီးပေါက်ကွဲသွားပြီး လူတွေနေလို့မရတော့ရင် မြို့ကြီးကို ပြန်ပြောင်းပြီး
သူ့အဖေနဲ့ကျန်ခဲ့တဲ့ သူ့ညီလေးနဲ့ သူ့အမေနဲ့သူ မိသားစုလေးယောက် ပြန်ဆုံနိုင်မှာပဲလို့ ကလေးဆန်ဆန် စိတ်ကူးယဉ်နေတယ်။
ဒီလိုနဲ့ ကျည်ဆန်ရထားနှစ်ခုဆုံတဲ့နေရာမှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်ဆိုတဲ့
ယုံတမ်းစကားလေးကို လက်တွေ့လုပ်ကြည့်ဖို့ သူနဲ့သူ့ သူငယ်ချင်းတစ်အုပ်အတူတူကြံကြတယ်။
ကျည်ဆန်ရထားနှစ်ခုဆုံတဲ့နေရာကို သွားပြီး ဆုတောင်းဖို့လုပ်ကြတယ်။
ဒီရုပ်ရှင်လေးက အဲဒီအကြောင်းပေါ့။ကလေးသရုပ်ဆောင်တွေအဓိက သရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်အတွက် သရုပ်ဆောင်ရွေးပြီးတဲ့အထိ
Koreedaဟာ ဇာတ်ညွှန်းကိုမစခဲ့သေးဘဲ ကလေးသရုပ်ဆောင်တွေရွေးပြီးမှပဲ ကလေးတွေဆီက အိုင်ဒီယာတွေပါယူပြီး ဇာတ်ညွှန်းကို စခဲ့တယ်။
ဒီကလေးသရုပ်ဆောင်တွေထဲ Kanna Hashimotoကတော့ နာမည်ကျော်လာခဲ့တယ်။
တခြားသရုပ်ဆောင်တွေကတော့ ဂျပန်ရဲ့ နာမည်ကျော် ခေတ်ဟောင်းမင်းသားကြီး မင်းသမီးကြီးတွေဖြစ်တဲ့ Kirin Kikiနဲ့ Isao Hashizumeတို့အပြင်
ဂျပန်စီနီမာရဲ့ ထိပ်တန်းသရုပ်ဆောင်၅ယောက်လောက်စာရင်းလုပ်ရင်တောင် ထိပ်ဆုံး၃နေရာလောက်မှာရှိနေမယ့်
Hiroshi Abeနဲ့ သရုပ်ဆောင်နဲ့ရော အလှနဲ့ရော အသေသတ်နိုင်တဲ့ မမMasami Nagasawaတို့တွေပါပဲ။
သူတို့နှစ်ယောက်ကတော့ ဧည့်သည်သရုပ်ဆောင်ဆန်ဆန်ပါထားတာပါ။
ဒီလူတွေဟာ Koreedaနဲ့ တွဲရိုက်နေကျလူတွေပါပဲ။
ကလေးသရုပ်ဆောင်တွေချည်း သုံးထားပေမဲ့ လူကြီးတွေကလည်း အကြမ်းဆုံးတွေချည်းသုံးထားတာပါ။ဒီရုပ်ရှင်ထဲ ထူးထူးခြားခြားလှနေတာလေးက ဒီနေ့တော့ သာယာတဲ့နေ့ဖြစ်မှာပဲလို့ ဒီရုပ်ရှင်ထဲက လူတွေကမပြောကြဘူး။
ဒီနေ့တော့ မီးတောင်ပြာတွေ သိပ်မကျလောက်ဘူးလို့ပဲ ပြောကြတယ်။
ဒီရုပ်ရှင်ဟာ မီးတောင်ပြာတွေ ထူထူထဲထဲကျတဲ့နေ့တွေအကြောင်း မီးတောင်ပြာတွေ ပါးပါးလျလျကျတဲ့နေ့တွေအကြောင်းပါပဲ။
မီးတောင်ပြာတွေမကျမယ့်နေ့တို့တွေတော့ မရှိဘူးပေါ့။
ပါးပါးလျလျလောက်ကျရင်ကိုပဲ အဲဒီဘဝတွေ လှနေခဲ့ခြင်း အကြောင်းပါပဲ။

Show more...