A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Silenced: ဖတ်မိတော့ ကြည့်လိုက်မိတယ်။တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲ
ခံစားချက်အပြည့်ပေးပါတယ်။ဒီနေ့လည်း group ထဲမှာ လူတွေအများကြီးလာတောင်းနေတော့ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလိုတရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့အနုပညာသမားတွေကြောင့် အပြင်လောကမှာတရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ပြောရမယ်ထင်ပါတယ်။ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်ကမူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာနှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင်ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံးစကားလုံးတွေကိုပဲ သုံးသွားပြီးခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ရုပ်ရှင်ကားတစ်ကားဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ
—————————————————————–မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး..တစ်ကားပြီးပါပဲ။ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။
.
အဲဒီရုပ်ရှင်ကားက “Silenced” (သို့) “The Crucible” လို့နာမည်ရတဲ့ကားဖြစ်တယ်။ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာနှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီးကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်းအရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာကြေးရတတ်၊ အာဏာရှိသူတွေဖြစ်တာကြောင့် ထိုက်သင့်တဲ့ပြစ်ဒဏ်ကို မခံခဲ့ကြရပါဘူး။
.
ကျွန်မ အဲဒီကားကြည့်နေရင်းနဲ့ စိတ်နှလုံးမခိုင်လို့ခဏရပ်လိုက် ဆက်ကြည့်လိုက်လုပ်ဖြစ်ခဲ့တယ်။သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်ကြောင့်ဒါဟာ တကယ့်အဖြစ်အပျက်ကိုရုပ်ရှင်ပြန်ရိုက်ထားတာများလားဆိုပြီး စိတ်ထဲသံသယရှိလာတာနဲ့ရုပ်ရှင်ကိုဆက်မကြည့်တော့ဘဲ အဲဒီရုပ်ရှင်အကြောင်းကိုဝီကီမှာ ကျွန်မ အရင်ရှာကြည့်လိုက်တယ်။.
ဒီဇာတ်ကားက ကိုးရီးယားနာမည်ကြီး စာရေးဆရာမ Gong Ji-young ရဲ့နာမည်တူဝတ္ထုကို ရိုက်ကူးထားတာဖြစ်တယ်။အဲဒီဝတ္ထုက ၂ဝဝဝခုနှစ် တောင်ကိုးရီးယားနိုင်ငံ Gwangjuမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ဆွံအနားမကြားကျောင်းတစ်ကျောင်းကအဖြစ်ကို အခြေခံထားတာဖြစ်တယ်။၂ဝဝ၈ ခုနှစ်မှာ စာရေးဆရာက အဲဒီအဖြစ်ကို တီဗွီသတင်းတိုတိုထွာထွာမှာအမှတ်မထင်ကြည့်လိုက်မိပြီး စိတ်ဝင်စားသွားခဲ့တယ်။Gwangju က ဆိုးလ်မြို့နဲ့ လေးနာရီလောက်ပဲကားမောင်းရတဲ့နေရာပါ။ဒါပေမယ့် ဆွံ့အနားမကြားကျောင်းသူတွေအနိုင်ကျင့်ခံရတာ၊ မုဒိမ်းကျင့်ခံရတာတွေအတွက် အဲဒီမှာလူတွေဆန္ဒပြနေတာ ၆နှစ်ရှိခဲ့ပါပြီ။သတင်းမီဒီယာကလည်း ကျယ်ကျယ်ပြန့်ပြန့်မလွှင့်ခဲ့တော့အဲဒီအကြောင်းကို လူသိနည်းခဲ့ပါတယ်။စစချင်းမှာ တရားခံလေးဦးကို ဖမ်းဆီးခဲ့ပေမယ့်ထိရောက်တဲ့ပြစ်ဒဏ်မပေးခဲ့တဲ့အပြင် တချို့တရားခံကိုတရားသေလွှတ်ပေးခဲ့တယ်။ဒါကို စာရေးဆရာက စိတ်ဝင်စားပြီး မတရားခံရတဲ့ကျောင်းသူတွေနဲ့ ၁ဝ ရက်တာအတူသွားနေပြီးတွေ့ဆုံမေးမြန်းခဲ့တယ်။အဲဒီနောက် အဲဒီဝတ္ထုကို ရေးသားခဲ့တယ်။
.
အဲဒီဝတ္ထုထုတ်ဝေလိုက်တာနဲ့ လူအများရဲ့အားပေးဖတ်ရှုခြင်းကို ခံခဲ့ရတယ်။ စာအုပ်ထွက်ပြီးသိပ်မကြာခင်မှာပဲ အဲဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်။
.
၂ဝ၁၁ ခုနှစ်မှာ အဲဒီရုပ်ရှင်ကားကို ရုံတင်ခဲ့ပါတယ်။ရုံတင်လိုက်တာနဲ့တစ်ပြိုင်နက် ကိုးရီးယားတစ်နိုင်ငံလုံးအုံးအုံးကြွက်ကြွက်ဆူညံသွားခဲ့တယ်။အဲဒီရုပ်ရှင်ဟာ လက်မှတ်အရောင်းရဆုံးကားတစ်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ရုံတင်ပြီး ၃ပတ်အတွင်း ၁၉နှစ်အထက်ကြည့်ကားအဖြစ်လက်မှတ်စောင်ရေ ၃သန်းကျော်ရောင်းချခဲ့ရတယ်။၁ဝ ပတ်အတွင်းမှာ လက်မှတ်ရောင်းရငွေကိုးရီးယားငွေ ၃၅ ဘီလီယံ ရှိခဲ့ပါတယ်။
.
အဲဒီရုပ်ရှင်ကြောင့် ဆွံ့အ နားမကြား ကျောင်းသူကျောင်းသားတွေမတရားခံနေရတဲ့အဖြစ်ကို ကိုးရီးယားတစ်နိုင်ငံလုံး သိသွားခဲ့တယ်။လူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ပြည်သူတွေပူးပေါင်းပြီးတရားသေလွတ်လိုက်တဲ့ တရားခံကို ပြန်စစ်ဆေး၊စီရင်ချက်ပြန်ချဖို့ သောင်းချီလက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ရှိလာခဲ့တယ်။
.နဂိုရှိတဲ့ ပေါ့လျော့တဲ့သက်ငယ်မုဒိမ်းမှုဥပဒေကိုကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့ ဥပဒေပြင်ဆင်ရေးဆွဲဖို့အထိ ဖြစ်လာခဲ့တယ်။နောက်ဆုံးမှာ လူတွေလျစ်လျူရှု့ခဲ့မိတဲ့ မတရားမှုဟာအမှန်တရားရုပ်လုံးပေါ်လာခဲ့ပါတယ်။နဂို တရားခံလေးယောက်ကနေ ကျောင်းအုပ်အပါအဝင်တရားခံဆယ်ယောက်အထိ ဖမ်းဆီး အပြစ်ပေးနိုင်ခဲ့တယ်။
.
ရုပ်ရှင်ကားရုံတင်ပြီး ၃၅ရက်နေ့မြောက်မှာကိုးရီးယားလွှတ်တော်က မဲ၂ဝ၇ မဲ နဲ့ နဂို ၇နှစ်သက်တမ်းအထက်ပြစ်ဒဏ်ဆိုတဲ့မသန်စွမ်းသူနဲ့ သက်ငယ်မုဒိမ်းမှုဥပဒေကို ပြောင်းလဲပြင်ဆင်နိုင်ခဲ့တယ်။အသစ်ပြင်ဆင်လိုက်တဲ့ ဥပဒေက မသန်စွမ်းအမျိုးသမီးကိုလည်းကောင်း၊အသက် ၁၃နှစ်အောက် ကလေးသူငယ်ကိုလည်းကောင်းအဓမ္မပြုလုပ် အနိုင်ကျင့်ရင် ကြီးလေးတဲ့ပြစ်ဒဏ်တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲပြင်ဆင်လိုက်ပါတယ်။
.
အဲဒီရုပ်ရှင်ဟာ ကိုးရီးယားနိုင်ငံရဲ့ တရားဥပဒေမမျှတမှု၊ လာဘ်စားမှုတွေကိုမီးမောင်းထိုးပြနိုင်ခဲ့သလို မသန်စွမ်းသူတွေ တန်းတူအခွင့်အရေး၊ကူညီစောင့်ရှောက်မှုရရှိရေးအတွက်လည်း ဆော်သြပေးနိုင်ခဲ့ပါတယ်။
.
(အခွင့်ရရင်တော့ ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။အဲဒီကားမှာ ဘာနည်းပညာ၊ ဘာထူးဆန်းတဲ့ သရုပ်ဆောင်ကွက်တွေမှ မပါပါဘူး။ဒါပေမယ့်ကိုးရီးယားတစ်မျိုးသားလုံးကို နိုးထစေနိုင်ခဲ့ပါတယ်)

Show more...